အဂ်လိပ်စာလေ့လာဖို့ အလွယ်နည်းလေးတွေ အကြံပေးကြပါလားဟင်

အဂ်လိပ်စာက လေ့လာချင်ပေမဲ့ အချိန်မပေးနိုင်အားမစိုက်နိုင်လို့ ဘယ်လိုလုပ်ရမလဲမသိဖြစ်နေလို့ပါ။

အသုံးပြုသူ Asked on May 15, 2020 in ပညာရေး.

English book ကိုbeginner ကစဖတ်ပါ
Meaning word လေ့လာပါ
Listening အတွက် myanmar international radio or audio book နားထောင်ပါ.
ပြီတော့ youtube မှာenglish native speaker ဆရာတွေရှိပါတယ်…

on May 16, 2020.
Add Comment
1 Answer(s)

ဒီပိုစ်လေးဖတ်ကြည့်ပါလား။ အကြံပေးထားတာမဆိုးဘူး။

မူရင်းရေးသူက ကို

Kyaw Moe Aung

မူရင်းလင်ခ်က – ဒီမှာပါ

အိုးမကွာ အိမ်မကွာ အလုပ်မပျက် English လေ့လာ
~~~~~~~~~~~~~~~~~~~~~~~~~~~~
မကြာခဏ ဆိုသလို ကြုံကြိုက် တိုက်ဆိုင်တိုင်း အမေးခံရတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ သူတို့ မေးတာက အင်္ဂလိပ်စာအင်္ဂလိပ်စကား တတ်လည်း တတ်ချင်တယ် … သင်တန်းတွေဘာတွေ တက်ဖို့လည်း အခြေအနေ မပေးဘူး … ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာပါ။

မေးတဲ့သူတွေက အများအားဖြင့် လူလတ်ပိုင်း အရွယ်တွေပေါ့။ ရာထူးတာဝန် လုပ်ငန်းဆောင်တာ မျိုးစုံနဲ့ အလုပ်များနေကြသူ … အချိန်အား များများစားစား မရှိကြသူ တွေပါ။ ပညာအားဖြင့်လည်း အနိမ့်ဆုံး ဆယ်တန်းလောက်တော့ အောင်ထားသူတွေ ဘွဲ့ရတွေပါ။

အထူးသဖြင့် နိုင်ငံခြားသားတွေ အရင်ကထက် မြန်မာပြည်ကို အဝင်အထွက် ပိုများလာတဲ့ …. ပြည်တွင်းကသူတွေ နိုင်ငံရပ်ခြား အသွားအလာ ပိုများလာတဲ့ ခုနောက်ပိုင်းကာလတွေမှာ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းဖို့ ပို အရေးပါလာတော့ ပို စိတ်ဝင်စားလာကြတာပေါ့လေ။

အဲလိုမျိုး အလုပ်တစ်ဖက်နဲ့ လူလတ်ပိုင်းတွေ … သင်တန်းတွေ တက်နေဖို့လည်း အဆင်မပြေသူတွေ အိုးမကွာအိမ်မကွာ အလုပ်မပျက်စေဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်အောင် ဘယ်လို လုပ်နိုင်မလဲ ဆွေးနွေး အကြံပြုကြည့်ချင်ပါတယ်။

၁။ ကြား ပြော ဖတ် ရေး
စကားပြောခြင်းရဲ့ အစက နားထောင်ခြင်းပါ။ ကလေးငယ်တွေ စကားဘယ်လိုပြောတတ်လဲ စဉ်းစားကြည့်ရင် ကိုယ်နားရည်ဝနေတာကို တုပပြောရင်း ပြောတတ်လာတာ ဆိုတာ သတိထားမိမှာပါ။ အဲဒီနောက်မှာ သူငယ်တန်းအရွယ်လောက် ရောက်တော့ ဝလုံး ဆိုတာ စဖတ်တတ်လာတယ်။ ABCD တွေ စ ဖတ်တတ်လာတယ် …. နောက်ဆုံးမှ ရေးတာပါ။ ခုလည်းပဲ နိုင်ငံခြား ဘာသာစကားတစ်ခုကို အဲဒီလို အစဉ်အတိုင်း လေ့လာရင် အတတ်မြောက်ဆုံးလို့ပဲ ဆိုပါရစေ။

ဘာသာစကားနဲ့ များများ ထိတွေ့ပါ။ များများ နားထောင်ပါ။ ပြောကြည့်ပါ။ များများ ဖတ်ပါ။ ရေးကြည့်ပါ။ တတ်ကို တတ်ပါတယ်။ ဒီနည်းလမ်းက လွဲလို့လည်း တတ်စရာ တခြားနည်းလမ်း မရှိပါ။

၂။ ဆိုကြမယ် ပျော်ကြမယ်
အဲဒီတော့ ပထမဆုံးအဆင့် ကိုယ့်အနီးဆုံးမှာ အင်္ဂလိပ်လို ကြားနေရဖို့ လိုပါတယ်။ ပြောမယ့်သူမရှိရင် ခပ်ဆင်ဆင် ဖန်တီးယူနိုင်ပါတယ်။ ကိုယ့်ကို နိုင်ငံခြားသားကြီးတစ်ယောက်က အရှင်လတ်လတ် အနားကနေ အင်္ဂလိပ်လို ပြောနေမှ အင်္ဂလိပ်စကား ကြားရတဲ့ခေတ်မှ မဟုတ်တော့ပဲ။ ဖုန်းထဲကနေတောင် အသံ နားထောင်လို့ ရနေပြီ ဖြစ်တော့ အင်္ဂလိပ်လို အသံသွင်းထားတဲ့ audio file တွေ များများ နားထောင်ပေးပေါ့။

ခက်တာက စကားပြော သင်ခန်းစာ အသံသွင်းထားတာတွေကို တစ်ကြိမ်ထက်ပို အကြိမ်ကြိမ် နားထောင်ဖို့ဆိုတာက ပျင်းစရာ အကောင်းသား။ဒါကို ဖြေရှင်းနိုင်တာက တေးသီချင်းတွေက တစ်ဆင့်ပေါ့လေ။ အင်္ဂလိပ်သီချင်း များများ နားထောင်ပါ။ လိုက်ဆိုပါ။
သီချင်းကနေ တတ်မြောက်နိုင်တာ အများကြီးပါပဲ … စကားလုံးတွေ သိလာမယ်။ နားထောင်စွမ်းရည် တက်လာမယ်။ အသံထွက်တွေ မှန်မှန် ထွက်တတ်လာမယ်။ intonation တွေ stress တွေ rhythm တွေ သင်မှန်းမသိ သင်ယူပြီးသား ဖြစ်လာမယ်။ စာကြောင်းလိုက် သဒ္ဒါမှန်မှန် သုံးတတ်လာမယ်။ (သဒ္ဒါနည်းကျ မဟုတ်တဲ့ ချွင်းချက် တချို့ကိုတော့ ဒီမှာ ထည့်မပြောတော့ပါ။ အများအားဖြင့် သီချင်းများမှာလည်း သဒ္ဒါမှန်ပါတယ်။) အဲဒီ သီချင်းစာသားတွေနေရာမှာ အစားထိုးပြီး တခြားဝါကျတွေ ပြောင်းပြောလို့ ရေးလို့ ရပါမယ်။
ဥပမာလေး ပြောရရင် “Just give me a reason” ဆိုတာကနေ “Just tell me the answer.” “Just show me the way.” “Just tell me the truth.” စတာတွေ ပွားယူတာမျိုးပါ။ သီချင်းတိုင်းကနေ ဒီလို လေ့လာယူနိုင်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို ပြောတတ်ချင်ရင် ခုပဲ အင်္ဂလိပ်သီချင်းတွေ နားထောင်ရင်း လိုက်ဆိုကြည့်လိုက်ကြတော့နော်။

၃။ ရုပ်ရှင်ကြည့်ရင် ပါးစပ် မပိတ်ကြေး
ခေါင်းစဉ်ကိုကြည့်ပြီး ဘာကြီးပါလိမ့် ထင်မိမယ်။ ဆိုလိုချင်တာက ကိုယ့်အားလပ်ချိန် အင်္ဂလိပ်စကားပြော ရုပ်ရှင် ဇာတ်ကားတွေ ကြည့်ရင် (ခပ်တိုးတိုးပဲဖြစ်ဖြစ် .. အနည်းဆုံး စိတ်ထဲကနေဖြစ်ဖြစ်) နောက်ကနေ လိုက်ပြောကြည့်ဖို့ပါ။ ကိုယ်ပြောတာ မှားများနေမလား … သူများက ကိုယ့်ကို လှောင်များ လှောင်မလား စိုးရိမ်စရာ မလိုတဲ့ စကားပြောလေ့ကျင့်နည်းပါ။ မိသားစုဝင်တွေရှေ့တော့ ရှက်စရာမလိုဘူး ထင်ပါတယ် … အင်္ဂလိပ်ဘာသာစကား တိုးတက်စေချင်လို့ လေ့ကျင့်နေတာပဲလေ။ လှောင်စရာမှ မဟုတ်တာ။

အမြဲတမ်း လုပ်ရမယ် မဆိုလိုပါ။ စိတ်ရောကိုယ်ပါ အနားယူရင်း အင်္ဂလိပ်ကား ကြည့်ချိန်မှာ အပျင်းလည်းပြေ အင်္ဂလိပ်အရည်အသွေးလည်း တိုးတက်စရာ … တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ ရုပ်ရှင်မှ မဟုတ်ပါ … BBC VOA Al Jazeera သီတင်းတွေ နားထောင်ရင်းလည်း လေ့ကျင့်လို့ရတာပဲ။ ကျယ်ကျယ် အသံထုတ် လိုက်မပြောဖြစ်ရင်တောင် နားထောင်ရင်း အသူံးအနှုန်းတွေကို လေ့လာဖြစ်နေမှာပေါ့။ မရှက်ပါနဲ့ … လုပ်ကြည့်ပါ။
သူတို့ ပြောနေတဲ့ နှုန်းက မြန်နေတော့ လိုက်ပြောရမှာ ခက်မှာပေါ့ … မီသလောက် လိုက်ပြောကြည့်ပါ။ လွယ်လွယ်ပြောရရင် တစ်ကြောင်းကျော်ပြီး ဆိုပါစို့။ အချိန်တစ်ခုအကြာမှာ နှုတ်သွက်လာတာ သတိပြုမိမှာပါ။

၄။ ကလေးငယ်တွေကို အသုံးချပါ
အိမ်မှာ ကလေးငယ်ရှိရင် အခွင့်ကောင်းပါ။ သူတို့အတွက် ကာတွန်းကားလေးတွေ ပြဖြစ်မယ် ဆိုရင် လူကြီးတွေလည်း လေ့ကျင့်ဖို့ အခွင့်ကောင်းတစ်ခု ရပါတယ်။ နောက်တစ်ချက်က ကလေးငယ်များအတွက် ရေးသားထုတ်ဝေတဲ့ အင်္ဂလိပ် ပုံပြင်စာအုပ်လေးတွေ ကာတွန်းစာအုပ်လေးတွေကို ကိုယ့်တူကိုယ့်သားများကို အသံထွက် ဖတ်ပြပေးဖို့ပါ။

အရေးကြီးတဲ့တစ်ချက် ပြောလိုပါတယ်။ မြန်မာပြည်က ရေးတဲ့စာအုပ်တွေ ထုတ်တဲ့ အခွေတွေကို (လုံးဝ) အားမထားပါနဲ့။ စော်ကားလိုခြင်း အလျဉ်းမဟုတ်ပါ … ဒါပေမယ့် ကြုံဖူးသလောက် အမှားတွေ အလွန် များလို့ပါ။ မူရင်း authentic material တွေကိုသာ သုံးပါ။ ဆိုလိုချင်တာက မြန်မာတွေရေးတဲ့ နှစ်ဘာသာနဲ့ ထုတ်တဲ့ ကလေးစာအုပ်များသည် (အားလုံး ဒီအတိုင်း ဖြစ်နေတယ် မဆိုနိုင်ပေမယ့်) ဘာသာစကား လေ့လာစရာ အကောင်းဆုံး စံနမူနာ မဟုတ်လို့ မူရင်း အင်္ဂလိပ် စာအုပ်များ အခွေများကိုသာ သုံးကြဖို့ အကြံပြုတာပါ။
နောက်တစ်ချက်က ကလေးငယ်များကို အသုံးချရင်း အင်္ဂလိပ်လို ပြောဖြစ်အောင် ပြောကြည့်ကြစေချင်တာပါ။ “Let’s go.” “Wait for me.” “It’s lunch time.” “Open your mouth.” စတာမျိုးလေးတွေက အင်မတန် ရိုးရှင်းလွယ်ကူပေမယ့် ကိုယ့်ဘာသာကိုယ် မပြောဖြစ်ဘဲ ဖြစ်နေရင် ကလေးငယ်တွေနဲ့ ပြောရင်း ကိုယ်လည်း နှုတ်သွက်လာပါမယ်။ အထူးသဖြင့် ကိုယ့်ကလေးတွေကို International School တွေမှာ ထားဖို့ စိတ်ကူးထားတယ် … ဒါမှမဟုတ် လက်ရှိ အဲလိုကျောင်းတွေမှာ ထားနေတယ် ဆိုရင်ပေါ့။ ကလေးအတွက်ရော မိဘအတွက်ပါ အကျိုးရှိပါလိမ့်မယ်။

၅။ကလေးလုပ်ပါ … သူငယ်ပြန်ပါ
ကလေးစာအုပ်လေးတွေ ဖတ်ပါ။ Graded Readers တွေ ဖတ်ပါ။ ကလေးစာပေဆိုပြီး အထင်မသေးပါနဲ့။ အခြေခံကျကျ အသံးအနှုန်း မှန်မှန်ကန်ကန် အဲဒီကနေ ရပါလိမ့်မယ်။ ကိုယ်မသိထားသေးတဲ့ အသုံးအနှုန်းတွေလည်း တွေ့မိပါလိမ့်မယ်။Audio book တွေလည်း လာတတ်လို့ အားချိန်မှာ စာအုပ်နဲ့တွဲပြီး နားထောင်ရင်း အသံထွက်ဖတ်လို့ ရပါတယ်။ အဓိက ပြောချင်တာက လူကြီးတွေမှာ လိုနေတတ်တဲ့ အခြေခံလေးတွေကို ကလေးစာပေ ဖတ်ရင်း ရနိုင်တယ်ဆိုတာ အကြံပေးချင်တာပါ။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်း ကားစီးရင်း ရထားစီးရင်း ဆိုင်ကယ်စီးရင်းလည်း နားထောင်လို့ ရတယ်နော်။

၆။ Social Media ကို အသုံးချပါ
Facebook အပါအဝင် social media တွေကနေ သင်ယူတတ်မယ်ဆို သင်ယူစရာ အများကြီးပါ။ English ဘာသာစကား လမ်းညွှန်တွေ သင်ခန်းစာတွေ နေ့စဉ် တင်ပေးနေတဲ့ page တွေ အများကြီး ရှိပါတယ်။ like လုပ်ထား … follow လုပ်ထားပါ။ နိုင်ငံတကာက အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေ ဖွဲ့ထားတဲ့ group တွေ ရှိပါတယ်။ member ဝင်ထားပါ။ friend မဟုတ်နေရင်တောင် သူတို့နဲ့ အဆက်အသွယ် ရှိနေပါမယ်။ ကိုယ် စိတ်ဝင်စားရာခေါင်းစဉ်ရှိရင် မှားမှာမကြောက်ဘဲ အင်္ဂလိပ်လို ပါဝင် ဆွေးနွေးပါ။ comment ပေးပါ။ မေးလိုတာကို မေးပါ။ ဒီနည်းအားဖြင့်လည်း အရေးအဖတ်စွမ်းရည်များ အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။

၇။ Diary ရေးပါ
အင်္ဂလိပ်လို diary လေး ကြိုးစားပြီး ရေးကြည့်ပါလား။ အသေးစိတ် ရေးဖို့ မဆိုလိုသလို အစပိုင်းမှာ broken English လည်း ဖြစ်ရင် ဖြစ်မှာပေါ့ … အမှားလည်း ပါနိုင်တာပေါ့။ အရေးကြီးတာက ရေးဖြစ်တဲ့ အလေ့အကျင့် ဖြစ်စေချင်တာပါ။ Accuracy မှန်ဖို့ထက် fluency ချောချောမွေ့မွေ့ လက်ကရေးထွက်ဖို့ ပို ရည်ရွယ်ပါတယ်။ Online မှာလည်း ရေးလို့ရပါတယ်။ ကိုယ်ပိုင် blog လေးတွေမှာ တစ်ကြောင်းစ နှစ်ကြောင်းစကနေ စပြီး ရေးလည်း ရတာပဲ။
ကျွန်တော်တောင် online မှာ ရောက်တတ်ရာရာ စာတိုပေစ ရေးရင်း (မြန်မာလို ဆိုလိုတာပါ။) ရေးလိုရာရာကို လူနားလည်အောင် တဖြည်းဖြည်း ရေးတတ်လာသလို ခံစားရပါတယ်။ ကိုယ်ရေးတာကို ပိုပြီး ယုံကြည်မှု ဖြစ်လာစေတယ်။ တစ်ရက်တစ်ရက်ကို ငါးမိနစ် ဆယ်မိနစ် အချိန်ပေးပြီး ခေါင်းထဲပေါ်တာ ရောက်တတ်ရာရာကို ballpen မလွှတ်တမ်း keyboard က လက်မခွာစတမ်း ချရေးကြည့်ပါလား။ ရှေ့ပိုင်းမှာခက်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်။

၈။ သိသူဖော်စားတဲ့ ရတနာသိုက်
အမှတ် (၆)မှာတုန်းက social media အကြောင်း ပြောပြီးသွားပါပြီ။ အဲဒါကတော့ Facebook သုံးရင်း နည်းနည်းစီ သင်ယူနည်းပေါ့။ ခုပြောမှာကတော့ အင်္ဂလိပ်စာ သင်ကြားပေးတဲ့ website တွေ အကြောင်းပါ။ မြန်မာလို ရေးထားတာဆို Myanmar Network လို ဆိုက်တွေ ရှိပါမယ်။ ဒါ့အပြင် ကိုယ် အားတဲ့အချိန်လေးအတွင်း … ညဖက်ဖြစ်ဖြစ် မနက်စေစောဖြစ်ဖြစ် အချိန်သတ်မှတ်ချက်မရှိ အားရင်အားသလို အင်္ဂလိပ်ဘာသာစကား အခမဲ့ လေ့လာသင်ယူနိုင်တဲ့ website တွေလည်း အများကြီးပါ။ ဥပမာအားဖြင့် coursera တို့ futurelearn တို့ပါ။ လွယ်လွယ်ကူကူပဲ စာရင်း ပေးလို့ ရပါတယ်။ နိုင်ငံတကာက စိတ်ပါဝင်စားသူတွေနဲ့အတူတူ စာသင်တဲ့ video clip လေးတွေ ကြည့်လိုက်၊ audio file လေးတွေ ဖွင့် နားထောင်လိုက်၊ pdf စာအုပ်လေးတွေ download လုပ်ပြီး ဖတ်ကြည့်လိုက်၊ မေးထားတဲ့ မေးခွန်းလေးတွေ ဝင်ဖြေလိုက်၊ ကိုယ်က မေးချင်တာ မေးလိုက်နဲ့ဆို အင်္ဂလိပ်ဘာသာစကားနဲ့ အဆက်မပြတ် လေ့လာသင်ယူနေဖြစ်တာပေါ့။ BBC Learning English တို့လို website တွေလည်း ရှိပါတယ်။ အများကြီးပါ။ Youtube တို့ study.com တို့လည်း အပါအဝင်ပေါ့။ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းတွေလည်း online မှာ တစ်ပုံတစ်ပင်ပါ။ Academic ပိုင်း ပိုဆန်တဲ့ အင်္ဂလိပ်စာ လေ့လာသူတို့အတွက်ဆို TED talk တွေ နားထောင်စေချင်ပါတယ်။ ဥပမာအားဖြင့် IELTS ဖြေဆိုဖို့ လေ့ကျင့်နေကြသူများအတွက်ပါ။ subtitle ပါ တွဲလျက် download လုပ်လို့ရတော့ အတိုင်းထက်အလွန်ပါပဲဗျာ။

File size အကြီးကြီးတွေ မဟုတ်ပါဘူး။ တော်တော် သေးသေးလေးတွေပါ။ဒီအတွက် အင်တာနက် အသုံးစရိတ် တစ်လကို တစ်သောင်းနှစ်သောင်းထက် မပိုပါဘူး။ ပြန်ရမယ့် အကျိုးအမြတ်က အလွန် အဖိုးတန်ပါတယ်။ မြန်မာပြည် internet speed ဘာဖြစ်တယ် ညာဖြစ်တယ် စိတ်မပူပါနဲ့ ရပါတယ်။ ကျွန်တော်လည်း ဖုန်းတစ်လုံး laptop တစ်လုံးနဲ့ ကျောင်းတောင်တက်လာတာပါ။ မနက်စောစောလိုမျိုးဆို streaming တောင် လုပ်လို့ရပါသေးတယ်။

၉။ ပြောဖြစ်အောင်ပြော
အင်္ဂလိပ်စကားပြောတတ်ချင်ရင် အရေးအကြီးဆုံက ပြောဖြစ်အောင်ပြောဖို့ပါ။ ပြောရမယ့်သူ မရှိဖြစ်နေရင် ကိုယ့်ဟာကိုယ် ပြော .. အသံသွင်းထား … ပြန်နားထောင်ကြည့်ပါ။ ဖုန်းတစ်လုံးရှိရင် ကိုယ်ပြောတာကိုယ် နားထောင်ကြည့်လို့ ရပါပြီ။
အပေါ်မှာ ပြောခဲ့တဲ့ စာအုပ်ကို အသံထွက်ဖတ်တာ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တွေ လိုက်ရွတ်တာတွေကို ဖုန်းတစ်လုံးနဲ့ အသံသွင်းထားပြီး ပြန် နားထောင်ကြည့် … ကိုယ် ဘာတွေလိုနေတာလည်း ကိုယ့်ဟာကိုယ် သိပါလိမ့်မယ်။ နီးစပ်ရာ ဆရာတစ်ဦးဦးကို ပေးနားထောင်ခိုင်းလို့လည်း ရပါတယ်။
တစ်ခါတစ်လေ ကိုယ့်နားမှာ ကဲ့ရဲ့လှောင်ပြောင်မယ့်သူ မရှိဘူး ဆိုလည်း တစ်ယာက်ထဲ တတွတ်တွတ် အင်္ဂလိပ်လိုပြောပြီး အသံကူးထားကြည့်ပေါ့ဗျာ။

ဒါကတော့ ပြောစရာ အဖော်လည်း မရှိမယ့်သူမျိုးတွေ မဖြစ်ဖြစ်အောင် ပြောထွက်အောင် လုပ်တာပါ။ နိုင်ငံခြားသား မိတ်ဆွေ တစ်ဦးဦးနဲ့ သိကြွမ်းတယ်ဆိုလည်း သူနဲ့ ကြုံတိုင်းဆုံတိုင်း တစ်လုံးစနှစ်လုံးစဖြစ်ဖြစ် ရအောင် ပြော။ အဓိကက ပြောထွက်ဖို့ပါ … မှားတာမှန်တာ နောက်တစ်ဆင့်။ များသောအားဖြင့် ကြုံရတဲ့ ပြသနာက မပြောရဲတာ … ကိုယ့်နှုတ်ကနေ အင်္ဂလိပ်လို ပြောမထွက်တာမျိုးကိုး၊ နှုတ်ရဲစေဖို့ လေ့ကျင့်ခန်းပေါ့။

နိဂုံးချုပ်ရရင်

ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့အတွက် ဖြတ်လမ်း မရှိပါ။

အဲဒီဘာသာစကားနဲ့ အကြိမ်ကြိမ်အခါခါ လက်ပွန်းတတီး ထိတွေ့နေမှသာ ရတာမျိုးပါ။ အဲလိုဝန်းကျင်ဖြစ်အောင် ကိုယ့်အိမ်မှာ ရအောင် ဖန်တီးယူပါ။ တကူးတက အချိန်ပေးပြီးလည်း လုပ်သင့်သလို တခြား အိမ်အလုပ် လုပ်ရင်း ကာယလေ့ကျင့်ခန်းလုပ်ရင်း အနားယူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု ရှိအောင်နေပါ။ တီဗီ ဖုန်း ကက်ဆက် ရေဒီယို နောက်ခံ background အနေနဲ့ အင်္ဂလိပ်လိုပြောနေ ဆိုနေတာ တစ်ခုခု ဖွင့်ထားပြီး အလုပ်လုပ်ပါ။ အားစိုက်ထုတ်ပြီး နားထောင်မနေပါနဲ့ … မိတ်ဆွေရဲ့နားထဲ ကြားမှန်းမသိ ကြားနေရရင်ကို ဦးနှောက်က သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်။

သေးသေးမွှားမွှား လွယ်လွယ်ကူကူလေးတွေကစပြီး အပြောကျင့်ပါ။ ဘသာစကားတစ်ခု လေ့လာတာ ပျော်စရာအဖြစ် ရှုမြင်ပါ။ မကြောက်ပါနဲ့။ မှားလည်း ဘာမှ မဖြစ်ပါ။ ရဲစိတ်မွေး အားတင်းထား … မရမက မဖြစ်မနေ ပြောဖြစ်အောင်ပြော ရေးဖြစ်အောင်ရေးပါ။ ဘာလေးပဲဖြစ်ဖြစ် ဖတ်ဖြစ်အောင်ဖတ်ပါ။

အချိန်အတိုင်းအတာတစ်ခု ကြာလာတာနဲ့အမျှ ဒီတိုင်းနေတုန်းကနဲ့မတူဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်လာတာ ကိုယ့်ကိုယ်ကို အံ့သြစရာ ကိုယ်တိုင် ကြုံလာရပါလိမ့်မယ်။ ကိုင်း ခုပဲ စလိုက်ကြစို့လား။ ဖုန်းထဲက အင်္ဂလိပ်သီချင်းလေး စနားထောင်လိုက်တော့နော်။

 

အသုံးပြုသူ Answered on May 15, 2020.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.