Ponzi’s scheme ဆိုတာဘာလဲ

Ponzi’s scheme ဆိုတာ နာမည်ကြီးပါတယ်။ Ponzi’s scheme ဆိုတာဘာလဲ သိချင်လို့ပါ

အသုံးပြုသူ Asked on December 5, 2020 in အထွေထွေ.
Add Comment
1 Answer(s)
ဖတ်ခဲ့ဖူးတဲ့ ခွန်ထီး ( လောင်းကစား ဘလော့ဂါ ) ရဲ့ ပိုစ်လေးတစ်ခုကိုပြန်တင်ပြပေးပါမယ်။
အဲ့ပိုစ်ထဲမှာ ponzi’s scheme ဆိုတာကိုသေချာရှင်းပြထားလို့ ပြန်ကူးပေးတာပါ။
အောက်ပါ ပိုစ်ကို ဖတ်ကြည့်ပါနော်။

( Charles Ponzi’s scamming scandal )

” ကျွန်တော့်အမေက ကျွန်တော့်ကို ၂ဒေါ်လာခွဲ အိတ်ကပ်ထဲထည့်ပေးပြီး အမေရိကန် ပို့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့် နှလုံးသားထဲမှာတော့ ဒေါ်လာသန်းချီတဲ့ အကြံအစည်တွေထည့်ပြီး ဒီကိုရောက်လာတာဗျ ။ “
ဒီစကားကို ပြောခဲ့သူကတော့ အမေရိကန်ရွှေ့ပြောင်းအလုပ်သမား အီတလီသားလေး ချားလ်ပွန်ဇီ…… ။ စီးပွားရေးလောကမှာ ” Ponzi’s scheme “ဆိုပြီး ပြောစမှတ်တွင်သွားရလောက်အောင် ပိုက်ဆံမျက်လှည့်ပြသွားခဲ့သူပေါ့။
သူက ရာဇဝင်နဲ့ကိုလာတာဗျ။ ငယ်ငယ်တုန်းက တက္ကသိုလ်တက်ဖို့ (၄)နှစ်စာ ကျောင်းစရိတ်ကို ဘား၊ ကလပ်တွေတက်ပြီး တခဏလေးအတွင်း အကုန်ဖြုန်းပစ်ခဲ့သူ။ အမေရိကန်မှာရွှေ့ပြောင်းရောက်လာတော့လည်း စားပွဲထိုးလုပ်ရင်း Customer ပစ္စည်းတွေခိုးခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူ။
အကြောင်းအမျိုးမျိုးကြောင့် ထောင်တွေကျပြန်တော့လည်း ထောင်ထဲမှာ ဝံပလွေလိုကောက်ကျစ်သူလို့ တင်စားထားရတဲ့ ကမ္ဘာကျော်လူလိမ်ကြီး အီနာဇီယိုလူပို ၊ ချားလ်စ်မော့စ် တို့ဆီမှာ အနီးကပ်ပညာသင်ကြားခွင့်ရခဲ့ပြီး လိမ်လည်ခြင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လာခဲ့သူ…။
ထောင်ကထွက်လာပြီး ၂နှစ်လောက်အကြာမှာတော့ ကမ္ဘာကျော်စေမယ့် မုသားဒဿနတွေနဲ့ အနောက်ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သူပေါ့။
စီးပွားရေးသမား လုပ်ငန်းရှင်တဖြစ်လည်း ပွန်ဇီက (၁၉၁၉)ခုနှစ်မှာ IRC – စာပို့တံဆိပ်ခေါင်းလုပ်ငန်းရဲ့ အားနည်းချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အတွက် ဘယ်လိုလုပ်ရင် အချိန်တိုအတွင်း ပိုက်ဆံတိုးပွားလာနိုင်လဲဆိုတာကို တွေ့ခဲ့တယ်။
ဒီလိုနဲ့ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး အရင်းအနှီးရအောင် ကြံဆခဲ့တယ်။ အဲ့ဒီမတိုင်ခင်တုန်းက ဟန်နိုဗာထရက်စ် ကုမ္ပဏီကနေ ချေးငွေရဖို့ ကြိုးစားခဲ့ပေမယ့် ကုမ္ပဏီမန်နေဂျာက သူ့ကိုမယုံခဲ့လို့ ချေးငွေမထုတ်ပေးခဲ့ဘူးတဲ့။
သူကဘာပြောခဲ့တာလဲဆိုတော့……… မင်းတို့ ငါ့ဆီမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရက်ပေါင်း (၉၀)အတွင်း မင်းတို့ရင်းနှီးငွေရဲ့ နှစ်ဆပြန်ရဖို့ အာမခံနိုင်တယ်။ ငါအခု အချီကြီးမြတ်မယ့် တံဆိပ်ခေါင်း Trading လုပ်ငန်းတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့အယုံသွင်းသတဲ့။
မအောင်မြင်တော့ နောက်ပိုင်းမှာ ရက်ပေါင်း(၄၅)ရက်အတွင်း ရင်းနှီးမြှုပ်နှံငွေရဲ့ ၅၀% မြတ်ဖို့ အာမခံတယ်ဆိုပြီး ဘော်စတွန်မှာရှိတဲ့ သူ့သူငယ်ချင်းတွေကို ထပ်ပြောပြန်တယ်။ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ သူ့သူငယ်ချင်းတွေကလည်း သူ့ဆီမှာ ရင်းနှီးမြှုပ်နှံငွေ နည်းနည်းစီထည့်ကြပါတယ်။
သိပ်မကြာခင်မှာ ဟိတ်ဟန်ပိုပြနိုင်အောင်လို့ ကုမ္ပဏီရုံးခန်းအကြီးကြီးထပ်ငှားပြီး သူ့ရဲ့ လုပ်ငန်းကိုကြော်ငြာတယ်ပေါ့။ ပထမဆုံးလမှာတင် လူပေါင်း(၁၈)ယောက်က ရင်းနှီးမြှုပ်နှံငွေ $1800 ကို ထည့်သွင်းမြှုပ်နှံခဲ့လို့ အဲ့ဒီငွေတွေနဲ့ သူ့ဆီမှာ ကနဦးရင်းနှီးငွေထည့်ထားတဲ့ Investor တွေဆီ ကတိပေးထားတဲ့အမြတ်ငွေတွေအတိုင်း ခွဲဝေပေးခဲ့တယ်။
ရင်းနှီးမြှုပ်နှံသူ အသစ်ဆီက ရသမျှ capitals ငွေကြေးတွေကို ရှေ့က Investor တွေဆီ အမြတ်ပြန်ခွဲပေးရင်း သူ့ရဲ့လိမ်စင်လုပ်ငန်းဟာ တမုဟုချင်း ကြီးထွားလာခဲ့တယ်။ ဘယ်လောက်အထိတောင်ဖြစ်လာသလဲဆိုရင် လူလတ်တန်းစားတွေက အိမ်ပိုင်ဆိုင်မှုတွေပါ ပေါင်နှံပြီး ပွန်ဇီ့ဆီမှာ ရင်းနှီးငွေထည့်ကြတဲ့အထိပါပဲတဲ့။
” တောင်းပန်ပါတယ်။ ကျွန်တော့်ပိုက်ဆံတွေလိမ်ပေးပါ။ ကျွန်မပိုက်ဆံတွေကို လိမ်ပေးပါ ” လို့ လက်ယက်ခေါ်နေကြတဲ့အလား….. Ponzi’s scheme မှာ လူတိုင်းက ငွေထည့်ချင်နေကြတော့တာဗျ။ ဒီအထဲမှာ ဘော်စတွန်မြို့ရဲ့ ရေပေါ်ဆီ ဓနရှင်လူတန်းစားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေတောင် အများကြီး ပါဝင်တယ်ဆိုပဲ……။
ကုမ္ပဏီရုံးခန်းအသစ်ထောင်ပြီး လပိုင်းအတွင်းမှာတင် ပွန်ဇီရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂.၅ သန်း ( ယနေ့ကာလတန်ဖိုး – ကန်ဒေါ်လာ ၃၂သန်း ) အထိ မြင့်တက်လာခဲ့တယ်။ သူကတော့ မန်ဆက်ချူးဆက်ပြည်နယ်၊ လက်ရှင်တန်မြို့မှာ အကောင်းစား ဇိမ်ခံအိမ်ကြီးကြီး တစ်လုံးဝယ်ပြီး အေးဆေးဇိမ်ခံနေနေတာပေါ့။
ဒါပေမယ့် သူပြောထားတဲ့အတိုင်း IRC ကနေ တံဆိပ်ခေါင်းတွေကို မဝယ်ခဲ့တော့ လုပ်ငန်းလည်ပတ်မှုက အမှန်တကယ်ရှိမနေဘဲ ပိရမစ်ပုံစံ ဝင်လာတဲ့ ငွေတွေကြောင့် သူရဲ့ ဝင်ငွေဟာ လေပူဖောင်းလို တစ်စတစ်စ ကြီးလာပြီး သတင်းဌာနတွေက သူ့အကြောင်းစိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်။
The Boston Post သတင်းစာကလည်း ပွန်ဇီကုမ္ပဏီရဲ့ ကြီးထွားမှုနှုန်းဟာ သမိုင်းတစ်လျှောက်ဘယ်သူမှလိုက်မမီတဲ့ ငွေကြေးရင်းမြစ်တွေနဲ့ ကြီးထွားနေကြောင်း လုပ်ငန်းရဲ့ သဘောတရားတွေကိုပါ ဖွင့်ချလိုက်တယ်။ အဲ့နောက်မှာတော့ သတင်းဌာနေတွေ တောက်လျှောက်လိုက်လာကြပြီး မန်ဆက်ချူးဆက် အာဏာပိုင်တွေက သူ့ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး နောက်ဆုံးမှာ ပွန်ဇီစကင်းမ်ပူဖောင်းကြီး ပေါက်ကွဲထွက်ဖို့ ဖြစ်လာတော့တာပေါ့။
အမေရိကန်ကို ၂ဒေါ်လာခွဲနဲ့ရောက်လာတဲ့ ကောင်လေးက သူပြောထားတဲ့အတိုင်း နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ မီလီယံအိပ်မက်တွေကိုတော့ အကောင်အထည်ဖော်သွားနိုင်ခဲ့ပြီး ခဏတော့ လောကစည်းစိမ်တွေ ခံစားနိုင်ခဲ့ပါရဲ…..။ ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။
အနှစ်ချုပ်ပြန်ပြောရရင် ပွန်ဇီရဲ့လိမ်စင် Ponzi’s scheme ဆိုတာ လုပ်ငန်းကို ဗန်းပြ၊ Investment တွေကို ပိရမစ်ပုံစံတည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံသူ Investor တွေကို စနစ်တကျ ခေါ်တာဗျ။ မက်လောက်စရာ အမြတ်ငွေပမာဏက လူတွေကို ယစ်မူးစေပြီး ပိရမစ်ထိပ်ပိုင်းမှာရှိတဲ့ Investor တွေကတော့ ပွန်ဇီနဲ့အတူစံစားရင်း ပိရမစ်အောက်ပိုင်းရောက်လာတာနဲ့ ငွေကြေးမလည်ပတ်နိုင်တော့တဲ့အခါ အချီကြီးလိမ်ထွက်ပြေးမယ့် အကွက်တွေပေါ့။
အခုလတ်တလော မြန်မာနိုင်ငံမှာလည်း Ponzi scheme ဖြစ်ရပ်နဲ့တူတဲ့ လိမ်စင်လုပ်ငန်းလေးတွေ ခပ်ဆင်ဆင် ခပ်စိပ်စိပ် တွေ့လာရပါပြီ။
” တောင်းပန်ပါတယ်။ ကျွန်တော့်ပိုက်ဆံတွေလိမ်သွားပေးပါ။ ကျွန်မပိုက်ဆံတွေလိမ်သွားပေးပါ။ ” ဆိုတဲ့ စကားကို ခင်ဗျားပတ်ဝန်းကျင်က ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေ ပြောဖို့ကြံနေတာတွေ့ရင် ဒီစာလေးကို ဝေမျှပေးလိုက်ကြပါဦး…… ။
လေးစားစွာဖြင့်
ခွန်ထီး ( လောင်းကစား ဘလော့ဂါ )
5. Dec. 2020
အသုံးပြုသူ Answered on December 5, 2020.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.